လက်တို့ပြီးတော့ ပြောရအုံးမယ် (၁)

နောင်မိုးတို့များလူဘောင်လောကမှာနေထိုင်ကြသောပုတုဇဉ်လူသားပီသစွာလောဘ၊ ဒေါသ၊ မောဟများနှင့် ပြည့်ကျပ်နေသော ပတ်ဝန်းကျင်မှာ နိစ္စဒူဝနေထိုင်လုပ်ကိုင်နေကြရပြီးလစဉ်ပုံမှန်တောင် မြန်မာလူမျိုးဗုဒွဘာသာဝင်တိုင်းရဲ့ အထွဋ္ဋ်အမြတ် မြတ်ရွှေတိဂုံဘုရားကြီးတောင် မရောက်ပါလေလားဟုတစ်နေ့ နဖူးပေါ်လက်တင်ကာမိမိကိုယ်ကိုအပြစ်တင်စဉ်းစားမိလေတော့သည်။ အကျိုးမျှော်လို့ ယတြယာချေစရာရှိမှ ဘုရားသွားဖို့ကိုသတိရမိသလိုဖြစ်နေပါပြီတကော။မဖြစ်ချေတော့ပြီ။ နောင်မိုးတို့ ဇွဲတင်ကာလေးဆူဓာတ်ပျော် ရွှေတိဂုံဘုရားကြီးသို့ ဖူးမျှော်ရန် နေသာသောညနေခင်းတွင် သွားရောက်ခဲ့ပါတယ်။

မြတ်ရွှေတိဂုံဘုရားကြီးကိုရောက်ခါနီး အဝေးကပင် မြင်တွေ့ ဖူးမြော်ရခြင်းဖြင့်ပင်နောင်မိုးတို့ ရင်ထဲမှာဖော်ပြလို့မရနိုင်တဲ့ အေးချမ်းငြိမ်းအေးမှုတွေ တလိပ်လိပ် ရရှိလာခဲ့ပြီလေ။ ဘုရားကြီးမြောက်ဘက်မုဒ်ရောက်တော့ တက္ကဆီပေါ်ကဆင်းပြီးဓာတ်လှေကားရှိရာသို့ ရှေးရူကာလျှောက်လှမ်းလာခဲ့ပါတယ်။ ဖိနပ်အပ်ရန်ကောင်တာမှာဖိနပ်အပ်လျှင် တရံ ၅၀-ကျပ်သတ်မှတ်ထားတဲ့ စာတမ်းလေးကိုသတိထားမိပါသည်။ ဒါနဲ့ ကြွတ်ကြွတ် အိတ်တလုံးကိုယူပြီးပိုက်ဆံထည့်ခြင်းကလေးထဲသို့ ၅၀-ကျပ်ထည့်ကာဖိနပ်ထည့်ပြီးလုံခြုံရေးစစ်ဆေးတဲ့ကောင်တာကို ဖြတ်ကျော်ပြီးဓာတ်လှေကားအဝင်နေရာမှာ တန်းဆီစောင့်နေခဲ့ပါတယ်။ တတိယနေရာကနေစောင့်ဆိုင်းနေရတာဆိုတော့ နောင်မိုးတို့ စိတ်ကူးထဲမှာအော် မြန်မာလူမျိုးတစ်ယောက်ဖြစ်ရတာဂုဏ်ယူစရာကောင်းလှပါတကားလို့ အတွေးဝင်စိတ်ဖြစ်နေစဉ် “ ဓာတ်လှေကားလာနေပြီးမြန်မြန်လာ မြန်မြန်လာ “ ဆိုတဲ့ အသံလေးကြားမိလိုက်လို့ စပ်စုချင်တဲ့စိတ်ကြောင့် နောက်လှည့်ကြည့်လိုက် သည့် အချိန်လေးမှာနောင်မိုးကိုလူအုပ်ကြီးကတွန်းတိုက်ဖြတ်ကျော်ပြီးဓာတ်လှေကားထဲကို အတင်းတိုးဝင်သွားကြပါတယ်။ နောင်မိုးတို့ ကိုယ့်ကိုကိုယ် အတွင်းအားဖြင့် မနည်းခြေထောက်အားကိုယူပြီးကိုယ်ကိုပြန်လည်တည့်မှတ်ခဲ့ရပါတယ်။ တော်သေးတယ်… အဲ! အဲဒီအချိန်ကျမှ နောင်မိုးတို့ အတွေးတစ်ခုဝင်လာပြီး ချက်ချင်းဆိုသလိုနောင်မိုးလည်း အတင်းတိုးဝင်လိုက်ရပါတော့တယ်။ “ နောင်မိုးလည်း မြန်မာလူမျိုးတစ်ယောက်ပါလား” ဟုအတွေးလေးနဲ့အတူပေါ့….ဟုတ်ဘူးလား။

ဓာတ်လှေကားထဲမှာကြပ်ကြပ်နဲ့ တိတ်ဆိတ်နေစဉ် လူကြီးတစ်ယောက်က သူ့မိသားစုဝင်ကလေးတစ်ယောက်ကိုလှမ်းပြောလိုက်တဲ့ စကားသံလေးတစ်ခု “ ဒီကောင်ကလျင်မှ မလျင်တာ၊ ကျန်ခဲ့တာပေါ့” တဲ့။ အဟုတ်ဗျ! နောင်မိုးတို့ကိုဘာပြောရမှန်းမသိဖြစ်သွားစေတဲ့ စကားလေးတစ်ခွန်းပါ။ကောင်းရော… အော်..လျင်တဲ့သူတွေသာစီးနင်းခွင့်ရခြင်းလေလားဟုစဉ်းစားမိပြီး ပြုံးမိပါတော့တယ်။စနစ်တကျ တန်းစီပြီးစည်းကမ်းရှိစွာ ဝင်ရောက်လိုသော နောင်မိုး၏အစကနဦးအတွေးလေးများအဘယ်သို့ တိမ်းရှောင်သွားလေသနည်းဟုသာမိမိကိုယ်မိမိအော်မေးလိုက်ချင်ပါတော့သည်။

ဘုရားပေါ်ရောက်တော့ စိတ်များအေးချမ်းငြိမ်းအေးသွားလိုက်တာမည်သို့သောအေးချမ်းမှုမျိုးနဲ့မျှမတူပေ။ အတုမရှိသောမြတ်စွာဘုရားရှင်ရဲ့ မေတ္တာကြောင့်ပင်ဖြစ်မည်ထင်ပါသည်။နောင်မိုးတို့ ဆောင်ရွက်နေကျ ကိုယ့်မွေးနံထောင့်ကိုသွားပြီးဘုရားရှင်နှင့်တကွ မွေးနံဂြိုလ်မင်း၊ ဂြိုလ်တိုင်များကိုရေသပ္ပါယ် ပူဇော်လှူဒါန်းရန် တန်းဆီစောင့်ဆိုင်းခဲ့ပါသည်။
မြတ်စွာဘုရားရှင်၏ ဂုဏ်တော်ကိုရွတ်ဆိုရည်မှန်းကာရိုသေစွာရေဖြင့် ဖြည်းညင်းစွာသွန်းလောင်းပူဇော်ခြင်းသာလျှင် မှန်ကန်တန်ဖိုးရှိသောရေသပ္ပါယ် ပူဇော်ခြင်းဟုဘုရားပေါ်တွင် တရားအားထုတ်နေသောဘိုးသူတော်ကြီးတပါးကလမ်းညွန်ပြောပြခဲ့ဖူးသည်ကိုအမှတ်ရကာစိတ်မှာရည်မှန်းပွားများကာအသင့်အနေအထားဖြင့် စောင့်ဆိုင်းနေစဉ် မိမိကိုကျော်လွန်ကာတစ်ဦးပြီးတစ်ဦးအလျင်အမြန်ဝင်ရောက် တိုးဝေ့ကာရေသပ္ပါယ်နေကြလေပြီတကား။ တချို့ဆိုလျင် ရေသပ္ပါယ်နေခြင်းနှင့် မတူဘဲဒလယ်စက် ရေပက်လောင်းနေခြင်းကိုနောင်မိုးတို့တွေ့မြင်နေရပါပေပြီ။တွေ့မြင်နေရမှုနှင့် အတူနောင်မိုး၏ ပုဆိုးအောက်ခြေတွင် ရေများစင်ကာရွှဲစိုလာလေပြီ။ ဘုရား…ဘုရား….နောင်မိုးတို့ ဒီတခါ ဘုရားတရလေပြီတကား။ ဘုရားရှင်၏ ဂုဏ်တော်ကိုရွတ်ဆိုရည်မှန်းကာရိုသေစွာရေဖြင့် ဖြည်းညင်းစွာသွန်းလောင်းပူဇော်ခြင်းဆိုသည့် ရေသပ္ပါယ်ခြင်း၏ အခြေခံဂုဏ်အင်ကိုပင် မသိရောလေသလားဟုစိတ်ကူးထဲတွင် မေးခွန်းထုတ်မိပါသည်။ ဓာတ်လှေကားစီးတုန်းကလည်း အတင်းတိုးဝေ့လိုက်ပါစီးနင်းမှုကိုတွေ့ကြုံခဲ့ရသလိုအခုလည်း အတင်းတိုးဝေ့ ရေသပ္ပါယ်နေကြခြင်းကိုတွေ့ကြုံရနေလေပြန်ပါပြီတကား။နောင်မိုးသွားတဲ့ ရက်နဲ့နေ့စွဲလေးကို ပြန်စဉ်းစားမိပါတယ်….အခါကြီးရက်ကြီးလည်းမဟုတ်ပေ။ ဒါဆိုအဘယ်ကြောင့် ဘုရားဌာနတွင် ပင်အတင်းအလုအယက် လုပ်ဆောင်နေကြသနည်း။

နောင်မိုးနှင့် အနီးအနားတွင် နိုင်ငံခြားသားတစ်ယောက်ပါ မိမိအလှည့်အပြီးကိုသူအလှည့်အဖြစ် သတ်မှတ်ကာစောင့်ဆိုင်းနေလေသလားမပြောတတ်။ မိမိကိုတလှည့် တခြားသူများကိုတစ်လှည့်ကြည့်နေလေတော့နောင်မိုးတို့ မည်သို့လုပ်ဆောင်ရမလဲအရပ်ကတို့ရေ။ ထို့ကြောင့် ထပ်၍ အလှည့်ကျစောင့်ဆိုင်းနေလျှင် မိမိအလှည့်ယနေ့တွင် ရရှိနိုင် ရန် တော်တော်ပင် စောင့်ဆိုင်းရမည့် သဘောဆောင်လာသောကြောင့် နောင်မိုးလည်းထပ်မံ၍ အတင်းဝင်ရောက်ကာ ရေသပ္ပါယ် ရလေပြန်ပါပြီ။ မြန်မာလူမျိုးတို့ရဲ့ ဂုဏ်ယူစရာစိတ်ထားလေးများဖြစ်သည့် “ တစ်ဦးနှင့် တစ်ဦးဖေးမကူခြင်း၊ အပြုအမူသိမ်မွေ့ခြင်း၊ မေတ္တာတရားဦးစားပေးခြင်း၊ အားနာတတ်ခြင်းများ” များအဘယ်သို့များခတ္တခဏရောက်သွားလေသနည်း? ကောင်းလေစွ……….

စူပါမားကက်ဈေးဝယ်ဌာနတွင်လည်း ငွေရှင်းကောင်တာများတွင် အလုအယက် အတင်းကျော်တက် ငွေရှင်းခြင်းများ၊ လိုင်းကားများတွင်လည်းလူကြီးကလေးအားနွဲ့သူဟူ၍ ဦးစားပေးမှုများမရှိကြတော့ဘဲတွန်းတွန်းတိုက်တိုက် အလုအယက် တိုးဝေ့တက်ခြင်းများ၊ လေဆိပ်များတွင်လည်း လေယာဉ်ထဲဝင်ခါနီး ထွက်ခွာခွင့် လက်မှတ်အစစ်ခံရန် တန်းစီရာတွင်လည်းအလှည့်ကျမစောင့်ဆိုင်းဘဲကျော်တက်ခြင်းများ၊ တယ်လီဖုန်းဆင်းကဒ်များစတင်ရောင်းချသောအချိန်များတွင်လည်းအရောင်းဆိုင်ပိတ်လိုက်ရသည်အထိ တိုးဝေ့ကာ အလုအယက်ဝယ်ယူမှုများစသည့် နေရာတိုင်းအချိန်တိုင်းတွင် အမြဲလိုလိုကြားသိနေရသည့် အတင်းဝင်ရောက် အတင်းတိုးထွက်ခြင်းဆိုသည့် ဝိသေနအချက်များရဲ့စိန်ခေါ်မှုများနှင့် နောင်မိုးတို့ လက်တွေ့ရင်ဆိုင်နေရလေပါပြီ။အဘယ်ကြောင့် အလှည့်ကျတန်းစီစောင့်ဆိုင်းသည့် အလေ့အထများတစ်စတစ်စလျော့နည်းပျောက်ကွယ်လာရလေသနည်း။

ကဲဆိုရေးရှိကနောင်မိုးတို့ ဆိုရပေအုံးမည်။ မပြောမပြီးမတီးမမြည်ကိုဗျ။

ဖေ့ဘွတ်စာမျက်နှာတစ်ခုတွင် ဂျပန်နိုင်ငံတွင် တန်းစီစောင့်ဆိုင်းရသည့် အခြေအနေတစ်ခုနှင့်ပတ်သက်ပြီးအင်တာဗျူးမေးမြန်းမှုတစ်ခုအကြောင်းကို မျှဝေထားသည့် ကိုနောင်မိုးတို့ သွားပြီးသတိရမိလေသည်။မှတ်မိသလောက်ပြန်လည်မျှဝေရလျှင် ဂျပန်နိုင်ငံတွင် သဘာဝဘေးအန္တာယ်များကြုံတွေ့ရပြီးသည့် အချိန်တွင် အရောင်းဆိုင်တစ်ခုမှ လူတစ်ဦးလျှင် သတ်မှတ်ချက်နဲ့အညီခွဲတမ်းချရောင်းချပေး၍လူအများကစနစ်တကျတန်းစီစောင့်စားဝယ်ယူနေကြစဉ် သတင်းသမားတစ်ယောက်ကဘာကြောင့်တန်းစီနေကြသလဲ၊မြန်မြန်လုသွားကာ ဝယ်ယူနိုင်လျှင် မိမိအတွက် ပိုမိုကောင်းမွန်နိုင်မည်မဟုတ်လားဟုမေးမြန်းရာတန်းစီနေသောဂျပန်အမျိုးသားတစ်ဦးကမိမိသည်အရှက်ကိုတန်ဖိုးထားပါကြောင်း၊ မိမိသည် မတန်းစီဘဲလုယက်ဝယ်ယူလျှင် သူတပါးကဘယ်လိုထင်မြင်မလဲဆိုတာထက် မိမိကိုယ်ကိုမိမိရှက်မိ၍စနစ်တကျတန်းစီဝယ်ယူရခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားထားသည့်အကြောင်းလေးဖြစ်ပါသည်။

နောက်တစ်ခုကအိန္ဒိယနိုင်ငံမှ နာမည်ကျော်ဒါရိုက်တာရိုက်ကူးထားသည့် “Change” ဆိုသည့် ဇာတ်လမ်းတိုလေးမှာယာဉ်ထိန်းရဲတစ်ယောက်ကယာဉ်စည်းကမ်းဖောက်ဖျက်၍ဖမ်းဆီးစဉ် ယာဉ်မောင်းသူမှ လာဘ်ထိုးသည်ကိုမိမိကိုယ်ကိုစဉ်းစားပြီး ငြင်းပယ်ကာချလံဖြတ်အရေးယူခဲ့သည့်ပြကွက်၊ စာမေးပွဲဖြေဆိုနေစဉ် စာဖြေဖော်မှ ပေးသောအဖြေစာရွက်ကိုကူးယူရန် ရယူပြီးမှ မိမိကိုယ်ကိုစဉ်းစားပြီးမကူးယူတော့ဘဲ ပြန်လည်ပေးလိုက်သည့်ပြကွက်၊ နာမည်ကြီးရုပ်ရှင်မင်းသားမှ ခန်းမအတွင်းသို့ဝင်ရောက်လာစဉ် လုံခြုံရေးစက်ရှေ့မှ အစစ်ဆေးမခံဘဲဖြတ်သန်းသွားပြီးမှ မိမိကိုယ်ကိုစဉ်းစားပြီးလုံခြုံရေးစက်ရှေ့မှပြန်လည်ဖြတ်သန်းကာအစစ်ဆေးခံသည့်ပြကွက် နှင့် ကလေးတစ်ယောက်မှ အအေးဗူးကိုအမှိုက်ပုံးထဲသို့ ရောက်အောင်မပစ်ဘဲလမ်းတွင်ပစ်ချကာထွက်ခွာသွားပြီးမှ မိမိကိုယ်ကိုပြန်စဉ်းစားပြီးဖခင်လက်မှရုန်းထွက်ကာအမှိုက်ပုံးထဲသို့ မရောက် ရောက်အောင်ထည့်လိုက်သည့်ပြကွက်များကိုဒါရိုက်တာမှ မိမိကိုယ်မိမိ မှ စတင်ပြောင်းလဲသင့်ပုံကိုပညာပေးတင်ဆက်ထားသည့် ဇာတ်လမ်းတိုလေးဖြစ်ပါသည်။ မိမိကိုယ်ကိုမိမိအသိဆုံးဆိုသောအချက်ကိုဒါရိုက်တာ က အမိအရရိုက်ကူးတင်ဆက်သွားခြင်းဖြစ်ပေသည်။

မိမိကိုယ်တိုင် စည်းကမ်းတကျရှိမှ မိမိပတ်ဝန်းကျင်ရှိ မိမိနှင့်ပတ်သက်သူများလည်းမိမိရဲ့ကောင်းမွန်သောလုပ်ဆောင်မှု များကူးစက်ပျံ့နှံ့သွားစေခြင်းအားဖြင့် တစ်နိုင်ငံလုံးသည် စည်းကမ်းရှိသောပြည်သူပြည်သားများနေထိုင်သောအများပြောနေကြသည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်လာမည်မှာမလွှဲဧကန်ပင်ဖြစ်သည်ဟုနောင်မိုးတို့ ယူဆမိပါသည်။

ထိုသို့စဉ်းစားနေစဉ်အတွင်းမှာစင်ကာပူမှပြန်ရောက်တာမကြာသေးတဲ့ သူငယ်ချင်းဖြစ်သူမိုက်ကယ်တာင်္တီးနဲ့တွေ့ပြီးသူပြောလိုက်တဲ့ သူ့ရဲ့ပြောစကားလေးက “ ဟာကွာကားမှတ်တိုင်မှာကားလာလို့တန်းစီပြီးအလှည့်ကျတက်ကြမယ်မှတ်လို့ အလှည့်စောင့်နေတာငါ့အလှည့်ကိုမရောက်တော့ဘဲကားမှတ်တိုင်မှာညအိပ်ရတော့မလို့။နောက်တစ်စီးလည်းကျရောဘယ်ရမလဲမိုက်ကယ်တာတီးဘဲ။ အတင်းတိုးတက်လိုက်မှဘဲရတော့တယ်ကွာ”။ ဦးသူ ရ အကြောင်းတော့ သိလိုက်ပါပြီသူငယ်ချင်းရာ။ ကဲမှတ်ကရော!

နောင်မိုး
၈ နိုဝင်ဘာလ ၂၀၁၆
ရန်ကုန်မြို့။

About The Author

naungmoe
naungmoe
0 Shares
Share via
Copy link
Powered by Social Snap